1တဖန် သိနာတောင်ပေါ်မှာ၊ မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုရမည်မှာ၊- 2သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည်။ 3ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို သုတ်သင်၍ အသီးကို သိမ်းလျက် နေရမည်။ 4သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ်၊ တပြည်လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊ 5လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ်၏။ 6ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ ကျွန်၊ ကျွန်မ၊ သူငှါး၊ ဧည့်သည်စားစရာ၊- 7သင်၏ ပြည်၌ရှိသော သားယဉ် သားရဲစားစရာဖြစ်ရသည်။ 8ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက်၍၊ ခုနှစ်နှစ်ခု နှစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊- 9သတ္တမလ ဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည်။ 10ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်း မိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။ 11ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ 12ယုဘိလနှစ်သည် သန့်ရှင်းသော နှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာ စားရမည်။ 13ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သော မြေသို့ ပြန်ရမည်။ 14သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကို ပြုလျှင်၊ တယောက်ကို တယောက် မညှဉ်းဆဲရ။ 15ယုဘိလနှစ်လွန်၍ လိုသေးသော နှစ်ပေါင်း၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက်၍ ရောင်းဝယ်မှုကို ပြုရမည်။ 16ထိုသို့ အသီးသီးရသော နှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက်၊ တိုးလျက် ရောင်းဝယ်ရမည်။ 17သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။ 18သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။ 19မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြ လိမ့်မည်။ 20သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကို မသိမ်းရပါတကားဟု ဆိုလျှင်၊- 21ဆဌမနှစ်တွင် သင်တို့ကို ငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည်။ 22သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်းသော အသီးအနှံကို စားရကြမည်။ 23မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။ 24သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။ 25သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။ 26ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊- 27မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။ 28ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။ 29မြို့ထဲ၌ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။ 30တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။ 31မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။ 32သို့ရာတွင် လေဝိသားပိုင်သော မြို့နှင့်မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ၏။ 33လေဝိသားပိုင်သော မြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ် နေရာ မြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ။ 34သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသော လယ်ယာတို့ကို မရောင်းရ။ အစဉ်အမြဲပိုင်ရမည်။ 35သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည်။ 36သူ၌ အတိုးအပွားကို မယူရ။ သင်၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။ 37အတိုးအပွါးကို မြော်လင့်၍ ငွေကို၎င်း၊ စားစရာကို၎င်း၊ သူ၌ မချေးမငှါးရ။ 38ငါသည် ခါနာန်ပြည်ကို သင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှါ၊ သင်တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်၏ ထာဝရဘုရားဖြစ်၏။ 39သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ သင်၌ အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ။ 40သူသည် သူငှါးကဲ့သို့၎င်း၊ ဧည့်သည်ကဲ့သို့၎င်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။ 41ထိုအခါ သူသည် သားသမီးနှင့်တကွ ထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။ 42အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ၏ အမှုထမ်းဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မရောင်းရ။ 43သူ့ကို ကြမ်းတမ်းစွာ မစီရင်ရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ 44သင်သည် စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့် ပတ်လည်ဝန်းကျင်တို့၌ နေသော သာသနာပလူတို့ တွင် ဝယ်ရမည်။ 45ထိုမှတပါး၊ သင်တို့တွင် တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို၎င်း၊ သင်တို့ပြည်၌ သူတို့ရသော သားသမီးများကို၎င်း ဝယ်၍ ပိုင်ရမည်။ 46သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တယောက်ကိုတယောက် ကြမ်း တမ်းစွာ မစီရင်ရ။ 47သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏ အမျိုးသားချင်း ဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏ သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊- 48ရောင်းပြီးမှ ရွေးနှုတ်သော အခွင့်ရှိစေရမည်။ မိမိအမျိုးသား တစုံတယောက်သည် ရွေးနှုတ်ရမည်။ 49ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည်။ 50သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သော နှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍၎င်း၊ သူငှါးလုပ်ရသည် ကာလကို ထောက်၍၎င်း၊ ကိုယ်အဘိုးကို စီရင်ရမည်။ 51ယုဘိလနှစ်မရောက်မှီ၊ အစေခံရသော နှစ်ပေါင်း အနည်းအများကို ရေတွက်၍၊- 52လိုသေးသော နှစ်ပေါင်း အနည်းအများအလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ ပြန်ပေး ရမည်။ 53ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါးကဲ့သို့ နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကို မခံရ။ 54ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှ လွှတ်ရမည်။ 55အကြောင်းမူကား ဣသရေလအမျိုးသားတို့သည်၊ ငါ၏ အမှုထမ်းဖြစ်ကြ၏။ အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။