1 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။ 2ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။ 3အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။ 4ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ။ 5သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။ 6သင်၏ညီအစ်ကို၊ အဘ၏ အိမ်သူအိမ်သားတို့ ပင် သင့်ကို သစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည် ကောင်းသောစကားကို ပြော သော်လည်း မယုံနှင့်။ 7ငါသည်ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကို ပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ ရန်သူ လက်သို့အပ်နှံပြီ။ 8ငါ့အမွေသည် တော၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ၏။ 9ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စား ခြင်းငှါ လာကြစေ။ 10များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။ 11သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့အား ညဉ်းတွားလေ၏။ တပြည်လုံးပျက်စီး သော်လည်း၊ အဘယ်သူမျှပမာဏ မပြုတတ်။ 12တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာ မရ။ 13သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။ 14ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။ 15နှုတ်ပြီးမှတဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သော မြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန် ပို့မည်။ 16ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည် စေမည်။ 17သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။